ဗမာ(မြန်မာ) တွေက ဗမာ့တပ်မတော်ကြီးက လွတ်လပ်ရေးယူပေးခဲ့တယ်လို့ ထင်နေတယ်

Admin

 ဗမာ(မြန်မာ) တွေက ဗမာ့တပ်မတော်ကြီးက 

လွတ်လပ်ရေးယူပေးခဲ့တယ်လို့ ထင်နေတယ်


* သမိုင်းလေး ပြောပြမယ်။ ဗမာ(မြန်မာ) ဘုရင် သီပေါမင်း အဖမ်းခံရတယ်။ အင်္ဂလိပ် ကိုလိုနီဖြစ်သွားတယ်။ ဗမာ(မြန်မာ)ကို အင်္ဂလိပ်က စစ်သားဖြစ်ထိုက်တယ်လို့ မယုံဘူး။ ခိုက်ရန်ဒေါသကြီးတယ်၊ အရက်သောက်မိရင် သွေးဆိုးတယ်၊ အဆင်အခြင်မရှိ တဇွတ်ထိုးလုပ်တတ်တယ်၊ ဒါကြောင့် အုပ်ချုပ်ရခက်တယ်လို့ ဆိုတယ်။ ကရင်၊ ကချင် နဲ့ ချင်းပဲ အမှုထမ်းခွင့်ရတယ်။ 


* ပထမကမ္ဘာစစ်အစမှာ    ဗြိတိသျှအိန္ဒိယတပ်မတော်မှာ 70th Burma Rifles အမှတ် ၇၀ ဘားမားရိုင်ဖယ်ဆိုတာ ဖြစ်လာတယ်။ ကရင်၊ ကချင် နဲ့ ချင်းပဲ အမှုထမ်းခွင့်ရတယ်။


 * ဒါပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ လိုအပ်ချက်အရ  85th Burma Rifles အမှတ် ၈၅ ဘားမားရိုင်ဖယ်ဆိုတာ ဖွဲ့ပေးတယ်။  ဗမာ(မြန်မာ)တွေ  စက်ပြင် မိုင်းရှာ ပစ္စည်းသယ် လုပ်ခွင့်ရတယ်။ ဘားမားစပ္ပား မိုင်နားအဖွဲ့ Burma Sappers and Miners ဆိုပြီး တပ်ရင်း ၃ ခု ၊ ဗမာအလုပ်သမား Labour Corps  တပ်ဖွဲ တဖွဲ့ပေးတယ်။ ဒါကလဲ မိုင်းရှာ လမ်းဖောက် တံတားဆောက်ဖို့ပါ။


*  အင်္ဂလိပ်တွေက အမှတ် ၇၀ ဘားမားရိုင်ဖယ်ကို အီဂျစ်ပို့၊ ဗမာအလုပ်သမား တပ်ဖွဲ့ကို ပြင်သစ်ပို့၊ ဘားမားစပ္ပား မိုင်နားအဖွဲ့ကို မက်ဆိုပိုတမီးယားကို ပို့တယ်။ ပထမကမ္ဘာစစ်ပြီးတော့ ဗမာတွေကို အကုန် ကန်ထုတ်ပစ်တယ်။ သခင်ဘိုးလှကြီးက မက်ဆိုပိုတမီးယားသွားဖူးတယ်။ စစ်ပြီးတော့ အလုပ်ပြုတ်ပြီး ပြန်လာရတယ်။  


* ဒုတိယကမ္ဘာစစ်မှာ လိုအပ်လို့ ပြန်ပြီး အမှုထမ်းခွင့် ရရှာတယ်။ ဒါတောင် ၁၂% ပဲ ။ အရာရှိ လက်မခံဘူး။ 


* ဒုတိယကမ္ဘာစစ်အစမှာ ဂျပန်က အလေးသာတော့ သခင်အောင်ဆန်းက ဖက်ဆစ် ဂျပန်နဲ့ ပေါင်းပြီး ဘီအိုင်အေကို ဖွဲ့တယ်။ ဒမြတွေ လူမိုက်တွေပါ ဗမာတပ်ထဲဝင်လာတယ်။ ဘီအိုင်အေဗိုလ်ဆိုပြီး ကျေးရွာတွေမှာ သောင်းကျန်းတယ်။ ဂျပန်က စစ်သင်တန်း တက်ခိုင်းပါ ! စည်းကမ်းတကျ လုပ်! ဆိုပြီး  ဂျပန်က ဘီအိုင်အေ  BIA ဖျက်၊  သင်တန်းဆင်း စစ်သား အရာရှိတွေနဲ့  ဘီဒီအေ BDA ကို ဖွဲ့ခိုင်းတယ်။ ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးပေးတော့ ဘီအန်အေ( BNA )လို့ နာမည်ပြောင်းတယ်။ အင်အား ၁၅,၀၀၀    ပဲ ရှိတယ်။ (ယနေ့ ဝပြည် United Wa State Army က အင်အား ၄၀,၀၀၀ ရှိတယ်။ ကိန်းဂဏန်း နှိုင်းယှဉ်ဖို့ပါ )


* ဗမာပြည်စစ်ဆင်ရေးမှာ မဟာမိတ်အင်အား ဘယ်လောက်ရှိသလဲ  သိသလား။


* ၁၉၄၄ - ၁၉၄၅ မှာ ဗြိတိသျှအိန္ဒိယစစ်သား ၁,၀၀၀,၀၀၀ ရှိတယ်။ ကူမင်တန် ၂၅၀,၀၀၀ ၊ အမေရိကန် ၁၂,၀၀၀ ပါဝင်တယ်။ ( ၂၈,၈၇၈ ကျဆုံး၊ ၄၄,၇၃၁ ဒဏ်ရာရ၊ ၁၂,၇၀၀ ရောဂါနဲ့ သေ )


* ဂျပန်အခြေအနေ မဟန်တော့ ဂျပန်လက်အောက်က စစ်တပ်ပုန်ကန်မှုကြီး လုပ်တယ်။ အဲဒီနေ့ကို ဗမာတွေက တော်လှန်ရေးနေ့လို့ ခေါ်တယ်။ ဗမာတပ်ဟာ  ဗြိတိသျှအိန္ဒိယတပ်မတော်နဲ့ မဟာမိတ် လုပ်တယ်။ နာမည်ကို မျိုးချစ်ဗမာ့တပ်မတော် Patriotic Burmese Force (PBF) လို့ ပြောင်းတယ်။ 


* ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ အင်္ဂလိပ် ပြန်လာတယ်။ စက္ကူဖြူစီမံကိန်းနဲ့ အုပ်ချုပ်တယ်။ အင်္ဂလိပ်က မျိုးချစ်ဗမာ့တပ်မတော် (PBF) ကို ဖျက်သိမ်းခိုင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက  အင်္ဂလိပ်ရဲ့  မြန်မာနိုင်ငံအမြဲတမ်းတပ်မတော် (Regular Burma Army မှာ ပါဝင်ခွင့် တောင်းဆိုတယ်။ ရန်ကုန်အစိုးရ ကုလားဖြူတွေက ဗမာတပ်ကို ဖျက်ပြီး တယောက်ချင်း ဖို့ပဲ ခွင့်ပြုတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာတွေက အဖွဲ့လိုက် လက်ခံဖို့ ပြောတယ်။ ညှိမရဘူး။


* ဒါနဲ့ အရှေ့တောင်အာရှ စစ်သေနာပတိ လော့ဒ် မောင့်ဘက်တန်ဆီသွားရတယ်။ သီရိလင်္ကာ ကန္ဒီမြို့မှာ တွေ့တယ်။  ဖဆပလထဲက ဗိုလ်ချုပ်အောင်ဆန်း ၊  PBF အရာရှိတွေ၊  တသီး ပုဂ္ဂလ ဦးဘဘေ ၊ ကရင်ခေါင်းဆောင်  စောဘဦးကြီး ၊ ရခိုင်ခေါင်းဆောင် သခင်ညိုထွန်း ၊ ဗကပခေါင်းဆောင်  သခင်သန်းထွန်း ကန္ဒီအစည်းအဝေးတက်ရောက်တယ်။  


* ၁၉၄၅  စက်တင်ဘာ ၇ မှာ   ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဗကပခေါင်းဆောင်  သခင်သန်းထွန်း  ကန္ဒီစာချုပ်ကို လက်မှတ်ရေးထိုးတယ်။  


* ကန္ဒီစာချုပ်က မျိုးချစ်ဗမာ့တပ်မတော် PBF ကို ဖျက်သိမ်းပြီး  အင်္ဂလိပ်ရဲ့  မြန်မာနိုင်ငံအမြဲတမ်းတပ်မတော်  (Regular Burma Army မှာ  PBF စစ်သား  ၅၂ဝဝ (ထပ်တိုးခွင့်  ၃၀၀) ၊ PBF အရာရှိ ၂၀၀ (ထပ်တိုးခွင့် ၅၀) ကို လက်ခံတယ်။ ကျန်တဲ့ PBF စစ်တပ်ကို လက်နက်စွန့်ခိုင်းလိုက်တယ်။ ဗမာအရာရှိတွေဟာ အုပ်ချုပ်နိုင်မည့် အရည်အချင်း မရှိသေးလို့  ဗြိတိသျှက ဆက်အုပ်ချုပ်မယ်။ 


* ဗမာအရာရှိတွေကို စစ်သင်တန်းပေးမယ်။  ဘုရင်ခံပြန်တမ်း၀င် အရာရှိအဖြစ် ခန့်မယ်။ ဒိုမီနီယံ နိုင်ငံများက လက်အောက်ခံစစ်တပ်တွေအတိုင်း ခံစားခွင့်ရမယ်။ အိန္ဒိယနှင့် ဗြိတိသျှ စစ်ကျောင်းမှာ တက်ရောက်ခွင့်၊ စစ်ဦးစီးတက္ကသိုလ် (Staff College) နှင့် အင်ပါယာ ကာကွယ်ရေးတက္ကသိုလ် (Imperial Defence College) တွင်မှာလည်း တက်ရောက်ခွင့်ရမယ်။


* ဘယ်သူတွေက အုပ်ချုပ်မလဲ။   မြန်မာနိုင်ငံတပ်မတော်၏ စစ်မင်းကြီး (Inspector General)   ဗိုလ်ချုပ် သောမတ်စ် ၊  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်ဘက်ဌာန  လက်ထောက် တပ်ရေးချုပ်  ဗိုလ်မှူးကြီး ရပ်ဖဲလ် ဦးစီးတဲ့  နှစ်ဦးစပ်အဖွဲ့ (Joint Board) က အုပ်ချုပ်မယ်။  သဘောကွဲလွဲချက်များ ပေါ်ပေါက်ပါက  မဟာမိတ်စစ်တပ်များ၏ စစ်သေနာပတိချုပ် (သို့) ဘုရင်ခံ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး  အတည်ဖြစ်စေရမယ်။


* ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော် (PBF)က  ဗြိတိသျှအိန္ဒိယတပ်မတော် (British India Army)မှာ အရင်ထဲက ရှိပြီး ဖြစ်တဲ့ တိုင်းရင်းသားတပ်မတော်တွေနဲ့ ပူးတွဲအမှုထမ်းရမယ်။ 


ရှိပြီး တိုင်းရင်းသားတပ်ဖွဲ့များ

*********************

 

* ကရင် တပ်ရင်း ၂ ရင်း၊ ချင်း တပ်ရင်း ၁ ရင်း  ပေါင်းစပ်ပြီး အမှတ် ၂ ဘားမားရိုင်ဖယ် No. 2 Burma Rifles ကို ဖွဲ့တယ်။ 


* ကျန်ကရင်တပ်တွေကို အမှတ် ၁ ကရင်ရိုင်ဖယ် No. 1 Karen Rifles ၊ အမှတ် ၂  ကရင်ရိုင်ဖယ် No. 2 Karen Rifles ၊ အမှတ် ၃ ကရင်ရိုင်ဖယ် No. 3 Karen Rifles ဖွဲ့တယ်။ 


* ကချင်တပ်တွေကို အမှတ် ၁ ကချင်ရိုင်ဖယ် No. 1 Kachin Rifles ၊ အမှတ် ၂  ကချင်ရိုင်ဖယ် No. 2 Kachin Rifles  ဖြစ်လာတယ်။


* ချင်းတပ်တွေကို အမှတ် ၁ ချင်းရိုင်ဖယ် No. 1 Chin Rifles ၊ အမှတ် ၂  ချင်းရိုင်ဖယ် No. 2 Chin Rifles၊ ချင်းတောင်တန်းတပ်ရင်း ၁ ရင်း  ဖြစ်လာတယ်။


* ဂေါ်ရခါးတပ်ဟာ  No. 4 Burma Regiment  ဖြစ်လာတယ်။


နောက်တိုး ဗမာတပ်ဖွဲ့များ

*******************


* စစ်ရဲတပ်၊ ဗကပ တောင်ငူပျောက်ကြားတပ်နဲ့ PBF စစ်သားတချို့ ပေါင်းစပ်ပြီး အမှတ် ၁ ဘားမားရိုင်ဖယ် No. 1 Burma Rifles ကို ဖွဲ့တယ်။ 


* နောင်ဗကပ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ PBF တပ်ဟာ အမှတ် ၃ ဘားမားရိုင်ဖယ် No. 3 Burma Rifles ကို ဖြစ်လာတယ်။


* နောင် အာဏာရှင် ဒုဗိုလ်မှူးကြီး နေဝင်း PBF တပ်ဟာ အမှတ် ၄ ဘားမားရိုင်ဖယ် No. 4 Burma Rifles ကို ဖြစ်လာတယ်။


* နောင်ဗကပ ဒုဗိုလ်မှူးကြီး ဇေယျ PBF တပ်ဟာ အမှတ် ၅ ဘားမားရိုင်ဖယ် No. 5 Burma Rifles ကို ဖြစ်လာတယ်။


* ဗိုလ်ချုပ်အောင်ဆန်းက စစ်ဘက်က ထွက်လိုက်တယ်။ အရပ်သားဖြစ်သွားတယ်။ 


* ၁၉၄၆ စက်တင်ဘာမှာ  ဦးအောင်ဆန်း ဦးဆောင်ပြီး   ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး ဖြစ်တယ်။ ဝန်ထမ်းတွေ၊ ပုလိပ်တွေပါ သပိတ်မှောက်လာတယ်။ အလုပ်မဆင်းကြဘူး။ အစိုးရယန္တရားတွေ ရပ်တန့်သွားတယ်။ အင်္ဂလိပ်အစိုးရ ထိန်းလို့ မရတော့ဘူး။


* ဘုရင်ခံက အရပ်သား ဦးအောင်ဆန်းကို ဘုရင်ခံလက်အောက်ခံ အမှုဆောင်ကောင်စီမှာ ပါဝင်ခွင့်ပေးရတယ်။ စက္ကူဖြူစီမံကိန်း ဖျက်သိမ်းပေးရတယ်။ လွတ်လပ်ရေးပေးပါမယ်လို့ ဆွေးနွေးလာတယ်။ 


*  ၁ နှစ်အတွင်း လွတ်လပ်ရေးကတိ နဲ့  အောင်ဆန်းအက်တလီ စာချုပ် ချုပ်တယ်။ စာချုပ်မှာ တောင်တန်းဒေသက ပူးပေါင်းမလား၊ သီးခြား လွတ်လပ်ရေးယူမလား  သဘောတူညီချက် ယူရမယ်လို့ ပါရှိတယ်။


* ဦးအောင်ဆန်းက  တိုင်းရင်းသားတွေပါ ပူးတွဲ လွတ်လပ်ရေး ယူဖို့ စည်းရုံးတယ်။ ခွဲထွက်ခွင့်ကိုအာမခံတယ်။ ကိုယ်ပိုင်ပြဒါန်းခွင့်ကို အာမခံတယ်။ ပင်လုံစာချုပ်ချုပ်တယ်။


* အင်္ဂလိပ်က ကတိအတိုင်း " အခြေခံဥပဒေရေးဆွဲရန်  တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ဖို့ "   ရွေးကောက်ပွဲ ကျင်းပပေးရတယ်။  ဖဆပလပါတီ  ရွေးကောက်ပွဲမှာ အနိုင်ရတယ်။  ကြားဖြတ် အမျိုးသားအစိုးရ ဖွဲ့တယ် ။ တိုင်းပြုပြည်ပြုလွတ်တော် ကျင်းပတယ်။ ၁၉၄၇ အခြေခံဥပဒေ ဆွဲတယ်။  


* ဦးအောင်ဆန်း လုပ်ကြံခံရတယ်။ လွတ်လပ်တော့မည့်  ဗမာပြည်နဲ့ ဗြိတိန် နှစ်နိုင်ငံကြား အနာဂတ်ကိစ္စတွေအတွက်  နု-အက်တလီစာချုပ် ချုပ်တယ်။ ၁၉၄၈ ဇန် ၄ မှာ ဗမာပြည် လွတ်လပ်ရေးရတယ်။


* ကဲ! ပြောကြစမ်းပါဦး ဘယ်နားမှာ ဗမာ့တပ်မတော်က တိုက်ထုတ်လို့ လွတ်လပ်ရေးရတာလဲ။ ဂျင်းထည့်ခံနေရတဲ့ ဗမာတွေ။


နောက်ဆက်တွဲ 

************


* ယနေ့ ဗမာပြည်မှာ တိုင်းရင်းသား ပြည်နယ်တွေ ရှိနေသေးပေမယ့်  မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားတပ်တွေ မရှိတော့ဘူး။ လူ့သမိုင်းအဦးအစထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်လက်နက်ကိုင်ခွင့်ရှိတယ်။ မြန်မာဘုရင်တွေလက်ထက်မှာလဲ ရှမ်းတပ်၊ ရခိုင်တပ်၊ မွန်တပ်တွေ ရှိတယ်။ အင်္ဂလိပ်ကိုလိုနီဘဝမှာလဲ ဗြိတိသျှအိန္ဒိယတပ်အောက်မှာ တိုင်းရင်းသားတပ်တွေရှိတယ်။ လွတ်လပ်ရေးရပြီးတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာလဲ တိုင်းရင်းသားတပ်တွေ ရှိတယ်။ 


* စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ သမိုင်းဝင် သမိုင်းစဉ် အခွင့်အရေးဆုံးရှုံးရတယ်။ ခွဲထွက်ခွင့် ဆုံးရှုံးတယ်။ ကိုယ်ပိုင်ပြဒါန်းခွင့် ဆုံးရှုံးတယ်။  ကိုယ်ပိုင်လက်နက်ကိုင်ခွင့် ဆုံးရှုံးတယ်။


* လွတ်လပ်သော လူမျိုးဆိုတာ ပေါင်းခွင့်ရှိသလို ခွဲခွင့်ရှိတယ်။ လာခွင့်ရှိသလို ပြန်ခွင့်ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တယ်။ ကိုယ့်ကို ကိုယ်ကာကွယ်နိုင်တယ်။


* စစ်အာဏာရှင်အောက် ရောက်လို့ ဖိနှိပ်ခံရတာချင်တူပေမယ့် ဗမာ(မြန်မာ)တွေအဖို့ လွတ်လပ်သော လူမျိုးဂုဏ်သိက္ခာ ကျန်သေးတယ်။ ကျန်တိုင်းရင်းသားတွေမှာ လွတ်လပ်သော လူမျိုးဟူသော ဂုဏ်သိက္ခာပါ ဆုံးရှုံးတယ်။


 By  အလင်းရောင်


#Tai_History